Monday, July 4, 2011

Aung San Suu Kyi Lecture 1: Liberty, Q & A (Burmese version)

SUE LAWLEYဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသင်ခန်းစာကို မကြာသေးမီက အသံသွင်းပေးခဲ့ပြီး ရန်ကုန်မြို့က သူမရဲ့အသံကို အခုတိုက်ရိုက်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရှင် ပရိသတ်ရဲ့ လက်ခုပ်သံကို ကြားလိုက်ပါသလား။

အောင်ဆန်းစုကြည် – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

SUE LAWLEY – ပရိသတ်ရဲ့ မေးခွန်းတွေကို ‌ဖြေကြားဖို့ အသင့်ဖြစ်ပါပြီလား။
အောင်ဆန်းစုကြည် – ဟုတ်ကဲ့၊ မေးခွန်းကောင်းတွေကို ဖြေကြားပေးပါမယ်။

SUE LAWLEY – ကျမနဲ့အတူ နိုင်ငံရေးနဲ့ သမိုင်းကြောင်းဆိုင်ရာ တင်ဆက်သူ Tim Garton-Ash လည်း ရှိနေပါ တယ်။ Tim အနေနဲ့ အရှေ့ဥရောပ ကွန်မြူနစ်စနစ်ကနေ ယနေ့ခေတ် မြန်မာနိုင်ငံအထိ အာဏာရှင်စနစ်နဲ့ အတိုက် အခံတွေနဲ့ ပတ်သက်ပြီး ရေးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ကျမတို့နဲ့အတူ ကုလသမဂ္ဂ နိုင်ငံ ရေးရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား Sir Kieran Prendergast လည်း ရှိနေပါတယ်။


ယခုအခါ Sir Kieran အနေနဲ့ ဂျီနီဗာအ‌ခြေစိုက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲ ဗဟိုဌာနမှာ အ ကြံပေးအရာရှိအနေနဲ့ တာဝန်ထမ်းဆောင်လျှက် ရှိပါတယ်။ ဒါ့အပြင် တရုတ်၊ အီဂျစ်၊ အီရန်၊ ဆီးရီးယားနဲ့ မြန်မာနိုင်ငံ က နိုင်ငံရေးသမားတွေ၊ အတိုက်အခံတွေ၊ အစီအစဉ် တင်ဆက်သူတွေလည်း ရောက်ရှိနေပြီး သူတို့ဆီကမေးခွန်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးမေးခွန်းမေးဖို့ Timothy Garton-Ash ကို ဖိတ်ခေါ် ပါတယ်။

Timothy Garton-Ash – ပထမဆုံးအနေနဲ့ အရမ်းပြောင်မြောက်တဲ့ သင်ခန်းစာပို့ချပေးတဲ့အတွက် ဒေါ်အောင်ဆန်းစု ကြည်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျနော်အနေနဲ့ ဒီမေးခွန်းက မေးခွန်းကောင်းတခုဖြစ်မယ်လို့ သိပ်မထင်ပါဘူး။ ဒါပေမဲ့ တူနီးရှားနိုင်ငံနဲ့ နှိုင်းယှဉ် ခဲ့တဲ့အပေါ် အနည်းငယ်မေးမြန်းလိုပါတယ်။ ၁၉၈၈ ခုနှစ်ကတည်း ကစပြီး နှစ်ပေါင်း (၂၅) နှစ် နီးပါးကြာတဲ့အထိ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အတိုက်အခံကြိုးပမ်းမှု ဘာကြောင့် ဒီ လောက်အချိန်ကြာရတယ်ဆိုတာ မေးမြန်းလိုပါတယ်။

ဒီလိုအချိန်ကြာမြင့်‌ရတာဟာ မြန်မာစစ်တပ်က ပြည်သူတွေကို သေဆုံးအောင် ပစ်ခတ်လို့လား၊ အကြမ်းမဖက်အတိုက် အခံပြုလုပ်မှုမှာ အချိန်ယူရန် လိုအပ်လို့လား၊ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးတော်လှန်မှု မထွန်းကားနိုင်သေးလို့လား၊ ဒါမှမဟုတ် ပထဝီနိုင်ငံရေးအရ တူနီးရှားနိုင်ငံမှာ လွတ်လပ်တဲ့ ဥရောပရှိသလို မြန်မာနိုင်ငံမှာလည်း အိမ်နီးချင်း တရုတ် နိုင်ငံရှိနေလို့လား၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အတိုက်အခံ လှုပ်ရှားမှု ဒီလောက်အချိန်ကြာမြင့်ပြီး ခက်ခဲနေရတဲ့ အ ကြောင်းအရင်းများကို သိရှိလိုပါတယ်။

အောင်ဆန်းစုကြည် – ဒါတွေအားလုံးကြောင့်လို့ပဲ ထင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအကြောင်းအရင်းကို ပြောရရင် ကျမ တို့ မြန်မာစစ်တပ်က ပြည်သူတွေကို ပစ်ခတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ စစ်တပ်တခုက ဒီလိုလုပ်ဆောင်လိုက်ရင် အချိန် ကာလ တခုအထိတော့ နောက်ထပ်လှုပ်ရှားမှုတွေ ရပ်တန့်သွားတတ်ပါတယ်။ ဒါကမြန်မာနိုင်ငံမှာတင် မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုဖြစ်စဉ်တွေ ရှိပါတယ်။ ဟန်ဂေရီတော်လှန်ရေး နှိမ်နင်းခံရပြီးတဲ့နောက် အရှေ့ ဥရောပက ပြည်သူတွေအနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြဖို့ တွေဝေလာခဲ့ကြပါတယ်။ ဆက်သွယ်ရေး တော်လှန်မှုကတော့ အများကြီး အပြောင်းအလဲပြုလုပ်နိုင်ခဲ့တယ်လို့ ကျမ ထင်ပါတယ်။ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတိုင်းမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အ‌ခြေအနေက ပိုမိုဆိုးရွားပါတယ်။ ဒါပေမဲ့ လူတွေက ဒီအ‌ခြေအ နေကို မသိကြပါဘူး။ ပထဝီနိုင်ငံရေး အနေအထားတွေ ထည့်‌သွင်းစဉ်းစားရမယ်ဆိုတာလဲ မှန်ပါတယ်။ ပြည်သူတွေကို ပစ်ခတ်ခဲ့ခြင်းနဲ့ ကမ္ဘာတဝှမ်းလုံးကို သိရှိအောင်မပြုလုပ်နိုင်ခဲ့ခြင်းက ကျမတို့ရဲ့ လှုပ်ရှားမှုကို ကြာမြင့်‌စေခဲ့တာပါ။ အဲဒါကြောင့်တင်ရယ်တော့ မဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ငြိမ်းချမ်းစွာလှုပ်ရှားလိုတာကြောင့်လည်း ပါပါတယ်။ ဘာလို့ လဲဆိုတော့ တူနီးရှားနဲ့ အီဂျစ်တို့မှာလည်း ငြိမ်းချမ်းစွာ ပြီးဆုံးသွားလို့ပါပဲ။

SUE LAWLEY – Nelson Mandela ကတော့ သူ့ကိုယ်သူ ပြောင်းလဲခဲ့တယ်နော်၊ မဟုတ်ဘူးလား
ဒေါ်အောင်ဆန်းစုကြည် အကြမ်းမဖက်တာကို နည်းဗျူဟာတရပ်အနေနဲ့သုံးတာဟာ ရေရှည်မှာ အလုပ်မဖြစ်ဘူးလို့ သူကပြောခဲ့တယ်နော်၊ အဲဒါနဲ့ပတ်သက်ပြီး ဝေဖန်စရာတစုံတခုများ ရှိနေသလား။

အောင်ဆန်းစုကြည် … အဲဒါကဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမ သင်ခန်းစာပို့ချတဲ့အထဲမှာ ပြောကြားခဲ့တဲ့ အတိုင်း အကြမ်းမဖက်တဲ့လှုပ်ရှားမှုကို ကျင့်‌ဝတ်တခုအနေနဲ့ ကျမကိုင်ဆုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့ကျတဲ့ အချက် တခုအနေနဲ့ရော နိုင်ငံရေးအနေအထားတရပ် အနေနဲ့ပါ နိုင်ငံအတွက် အကောင်းဆုံးလို့ထင်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းမဖက်ဝါဒရဲ့ ဖခင်ကြီးဖြစ်တဲ့ ဂန္ဒီတောင်မှ ပြောကြားခဲ့တဲ့ အချက်တချက်ရှိပါတယ်။ အဲဒါကတော့ အကြမ်းဖက်မှုနဲ့ သတ္တိနည်းပါးမှုဟာ ကြားအ‌ခြေအနေမှာရှိပြီး အကြမ်းဖက်မှုကို သူ့အနေနဲ့ အချိန်မရွေး ရွေးချယ်နိုင်ခဲ့ ပါတယ်။

SUE LAWLEY – ကျမတို့နဲ့အတူ မြန်မာနိုင်ငံက ဒုက္ခသည်တဦးဖြစ်တဲ့ ဝေနှင်းပွင့်‌သုန် လည်း အတူရှိနေပါတယ်။ သူမ က အခုလန်ဒန်မှာ ကျောင်းတတ်နေပြီး သူမရဲ့ဖခင်ကတော့ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။ သူမအနေနဲ့ မေးခွန်းမေးမြန်းဖို့ ဖိတ်ကြားပါရစေ။

ဝေနှင်းပွင့်‌သုန် – ဟုတ်ကဲ့၊ မင်္ဂလာပါအမေ။ မြန်မာနိုင်ငံက လူငယ်တယောက်အနေနဲ့ မေးမြန်းလိုပါတယ်။ ကျမတို့ အားလုံး လှုပ်ရှားမှုမှာ ပါဝင်လိုပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ဖို့၊ ပိုမိုတိုးတက်မှုရရှိဖို့၊ လူငယ်တွေ အနေနဲ့ လုပ်ဆောင်နိုင်တဲ့ လက်တွေ့ဆန်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ဖို့ ဘယ်လိုလုပ်ရမှာဆိုတာ ကျမအနေနဲ့ သိရှိလိုပါတယ်။

SUE LAWLEY – မြန်မာနိုင်ငံအပြင်ဘက်မှာ လှုပ်ရှားဆောင်ရွက်မယ်လို့ ဆိုလိုတာလား။
ဝေနှင်းပွင့်‌သုန် – ဟုတ်ကဲ့။

SUE LAWLEY – မြန်မာနိုင်ငံတွင်းက ကျောင်းသားတွေက လုပ်မှာလား။
ဝေနှင်းပွင့်သုန် – မြန်မာနိုင်ငံပြင်ပကပဲ ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်းကပဲ ဖြစ်စေ လူငယ်တွေလုပ်ဖို့ပါ။ အကောင်းဆုံး လက်တွေ့ကျတဲ့ လုပ်ငန်းတရပ်အဖြစ် ကျမတို့ ဘယ်လိုလုပ်နိုင်မလဲ။

SUE LAWLEY – ဒေါ်စု ပြောပေးပါဦး

အောင်ဆန်းစုကြည် … လက်တွေ့ကျတဲ့ အကောင်းဆုံးလုပ်ဆောင်မှုဆိုတာ တခုထဲရှိတယ်လို့ မထင်ပါဘူး။ မြန်မာနိုင် ငံပြင်ပက လူငယ်အားလုံးအတွက် ဆိုရင်တော့ ပြည်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မျက်ခြေမပြတ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒါက သူတို့အနေနဲ့ အကောင်းဆုံးလုပ်ဆောင် နိုင်တာဖြစ်ပါတယ်။ ပြည်တွင်းက လူငယ်တွေအ တွက်ကတော့ လုပ်နိုင်တာတွေအများကြီး ရှိပါတယ်။ တချိန်တည်းမှာပဲ နေရာကဏ္ဍပေါင်းစုံမှာ အလုပ်လုပ်ရပါမယ်။ ပြည်တွင်းက လူငယ်တွေမှာ လွတ်မြောက် ရေးအတွက် တိုက်ပွဲဝင်ရတာ အခက်အခဲရှိပါတယ်။ လက်တွေ့ပိုင်းအရရော၊ သီအိုရီပိုင်းအရရော သူတို့ကို သူတို့ ပညာပေးဖို့ ကြိုးစားရပါတယ်။ တခြားလူတွေကိုလည်း လှုပ်ရှားမှုမှာ သူတို့နဲ့ အတူ ပါဝင်လာဖို့ ပညာပေးလှုံ့ဆော်နိုင်ဖို့ သင်ယူရပါတယ်။

SUE LAWLEY – Sir Kieran Prendergast ရဲ့ အမြင်ကို မေးပါရစေ။ NLD ရဲ့ ကြိုးပမ်း လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုသဘောရပါသလဲ။ ၁၉၉၀ ခုနှစ်ကတည်းက ပုံစံမပြောင်းလဲဘဲ ရှိနေခဲ့တာ ပြောင်းသင့်‌တယ်လို့ ထင်မြင်ပါ သလား။

Sir Kieran Prendergast – ‌တခါတလေ ကျနော်လည်း ကိုယ့်ကိုကိုယ် မေးမိပါတယ်။ မူဝါဒတွေဟာ အပြောင်းအလဲ မရှိ ငြီးငွေ့စရာ ဖြစ်နေသလားပေါ့။ အထူးသဖြင့်‌ ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ပြင်ပကမ္ဘာကို အကြံပေးတဲ့အခါ ကျနော်တို့ ကျင့်‌သုံးနေတဲ့ မူဝါဒ () ခုပဲ ရှိပါတယ်။ တခုက ပူးပေါင်းဆောင်ရွက်မှု၊ ဒုတိယက ပစ်ပယ်ထားတာ၊ ဒါပေမဲ့ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ်ကတည်းက သူ့သဘောနဲ့သူ သီးခြားနေခဲ့တာပါ။ တတိယက အရေးယူ ပိတ်ဆို့မှု ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဗြောင်ကျကျ လုပ်ဆောင်နေပါတယ်။ နံပါတ် () နည်းလမ်းက တိုက်ခိုက်မှု ဖြစ်ပါတယ်။ လတ်တလော အနောက်နိုင်ငံတွေရဲ့ မူဝါဒနဲ့ သော်လည်းကောင်း၊ စစ်ရေး အားဖြင့်‌သော်လည်းကောင်း ပိုမိုအောင်မြင်အောင် လုပ်ဆောင်နိုင်တယ်လို့ မှားယွင်းစွာ ယူဆခဲ့မှုတွေ အပြီးမှာတော့ ဒါဟာ ဖြစ်လာမှာ မဟုတ်ပါဘူး။  ဒါကြောင့် NLD အနေနဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ အရေးယူ ပိတ်ဆို့မှုဆိုတဲ့ နယ်ပယ် () ခုကိုပဲ တွေးစရာရှိတာလား၊ အရေးယူပိတ်ဆို့မှုကရော လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို မဆောင်ကျဉ်းပေး တဲ့ တရုတ်နိုင်ငံလို နိုင်ငံရဲ့ အကျိုးစီးပွားကိုပဲ ဖြစ်မနေစေဘူးလားလို့ စဉ်းစားမိပါတယ်။ ဥပမာ-NLD အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် စံ သတ်မှတ်နိုင်သလား၊ ဘာကြောင့်လဲဆိုတော့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို စစ်ဘက်အုပ် ချုပ်မှုအောက်မှာ နှစ်ပေါင်း များစွာ တံခါးပိတ်ဝါဒနဲ့ နေလာကြတဲ့နိုင်ငံတွေကို ထည့်‌သွင်းစဉ်းစားကြည့်‌မယ်ဆိုရင် စစ်ဘက်ဆိုင်ရာကို ဒီအတိုင်း ဆက်လက်မနေဘဲ၊ တံခါးဖွင့်‌ဝါဒကျင့်‌သုံးဖို့ကို သာယာဝပြောမှုရှိနဲ့ အနောက်နိုင်ငံများရဲ့ ရင်းနှီးမြှုပ်နှံမှုက တွန်းအား ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။

SUE LAWLEY – ဒေါ်စု… ရှင့်‌ကိုတော့ ဝိုင်းတိုက်ခိုက်နေကြပြီနော်။ ဒါဟာ မေးခွန်းကောင်း တခုတော့ မဟုတ်ဘူး။

အောင်ဆန်းစုကြည် – ကျမ ပြန်ဖြေနိုင်တဲ့အတွက် ဒီမေးခွန်းက သိပ်တော့မဆိုးလှပါဘူး။ ပထမဆုံးအနေနဲ့ Sir Kieran ဖော်ပြခဲ့တဲ့ နည်းလမ်း () သွယ်က သူပြောသလိုတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကျမတို့အနေနဲ့ စေ့စပ်ညှိနှိုင်းဖို့ အစဉ်အမြဲဆန္ဒရှိခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုမလုပ်ဘဲ ဘာမှဖြစ်မလာနိုင်ဘူးလို့ ထင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကျမတို့အနေနဲ့ တံခါးပိတ်ဝါဒကို အယုံအကြည် မရှိပါဘူး။ ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ Blanket Sanction (အလုံးစုံ ပိတ်ဆို့ရေး) မရှိဘူးလို့ ထင်ပါတယ်။ ကနေဒါနိုင်ငံကသာ အလုံးစုံပိတ်ဆို့ရေး ချမှတ်ထားတာ ဖြစ်ပါတယ်။ ဥရောပသမဂနဲ့ အမေရိကန်လိုနိုင်ငံမျိုးတွေကတောင် အလုံးစုံပိတ်ဆို့မှု မလုပ်ပါဘူး။ ဒါတွေ အားလုံးကို အလုံးစုံပိတ်ဆို့မှုလို့ ပြောလို့မရပါဘူး။ အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်မှုရှိ/မရှိဆိုတာနဲ့ ပတ်သက် လို့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ အရေးယူပိတ်ဆို့မှုတွေ ပယ်ဖျက်ပေးဖို့ လွှတ်တော်ကနေတဆင့်‌ တောင်းဆိုထားတာကို ပြန်လည် သတိပေး လိုပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ ထိရောက်မှုမရှိရင် သူတို့အနေနဲ့ ဘာကြောင့် ပယ်ဖျက်ပေးဖို့ တောင်းဆိုမှာလဲ။ ဒါကိုထည့်‌သွင်းစဉ်းစားရမယ်လို့ထင်ပါတယ်။ စေ့စပ် ညှိနှိုင်းမှုနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ကွန်ယက်အတွက် ကျမတို့ကို အထောက်အကူဖြစ်မဲ့ နည်းလမ်းအတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက အောင်မြင်မှု ရရှိနေပါတယ်။ ကျမ လွတ်မြောက်လာကတည်းက ကျမ မျှော်လင့်‌ထားတာထက် ပိုမို အောင်မြင်နေပါတယ်။ ပြည်သူတွေကို လုပ်ပိုင်ခွင့်‌အာဏာပိုပေးပြီး အစိုးရအပေါ် မှီခိုနေရမှု လျော့ချပေးခြင်းဖြင့်‌ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို နည်းလမ်းသစ်တရပ်အနေဖြင့်‌ အင်တိုက်အားတိုက် ကူညီပေးရာရောက် ပါတယ်။

SUE LAWLEY – မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးဟောင်းတဦးဖြစ်တဲ့ Vicky Bowman ကို ဖိတ်ခေါ်ပါတယ်။ သူမဟာ ၁၉၉၀ ပြည့်‌နှစ်များအတွင်း မြန်မာနိုင်ငံမှာ ဗြိတိသျှသံတမန်တဦးအနေဖြင့်‌ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတဦးဖြစ်ခဲ့ဘူးတဲ့ မြန်မာနိုင်ငံသားတဦးနဲ့ အိမ်ထောင်ကျခဲ့သူ ဖြစ်ပါတယ်။

Vicky Bowman – ကျမရဲ့မေးခွန်းက အတိုက်အခံတွေကြားထဲမှာ သဘောထားကွဲလွဲမှုနဲ့ ပတ်သက်ပါတယ်။ အာဏာ ရှင်အစိုးရတွေရဲ့လက်အောက်က အတိုက်အခံလှုပ်ရှားမှုတွေမှာ ပြည်တွင်းအတိုက်အခံတွေနဲ့ ချိတ်ဆက်ဆောင်ရွက် ရာမှာ အခက်အခဲရှိတာတွေ့ရပါတယ်။ မြန်မာနိုင်ငံက အတိုက်အခံလှုပ်ရှားမှုမှာလည်း အလားတူပြဿနာမျိုး ရှိတယ်လို့ ထင်ပါတယ်။ ပြိုကွဲနေမှုတွေကို ပြန်လည်ပေါင်းစည်းပေးနိုင်တဲ့ မူဝါဒလုပ်ငန်းစဉ် (သို့) ခိုင်မာတဲ့ ဖွဲ့စည်းပုံထက်စာလျှင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျမရဲ့မေးခွန်းက အာဏာရှင်အစိုးရတွေ လက်အောက်က အတိုက်အခံလှုပ်ရှားမှုတွေအနေနဲ့ တဦးချင်း တယောက်ချင်း လွတ်လပ်စွာ ရှင်သန်လှုပ်ရှား နိုင်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် ပါတီလို အတိမ်းအစောင်းမဖြစ်စေဖို့ ဘယ်လိုမျိုး ထိထိရောက်ရောက် ဆောင်ရွက်နိုင် သလဲဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည် – လူအတော်များများက NLD သက်တမ်း ဘယ်လောက်နုသေးတယ်ဆိုတာကို မေ့နေကြတယ် ထင်ပါတယ်။ သာဓကအားဖြင့်‌ အိန္ဒိယ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ကာလအတွင်း အိန္ဒိယ အမျိုးသားကွန် ဂရက် (သို့) အာဖရိက အမျိုးသားကွန်ဂရက်တို့လို သက်တမ်း ကြာမြင့်‌ပြီဖြစ်တဲ့ ပါတီကြီးတွေနဲ့ နှိုင်းယှဉ်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘဝဆိုတာ ခက်ခဲတဲ့အတွက် အတိုက်အခံတွေအကြား သဘောထားကွဲလွဲတယ်ဆိုတာ ပုံမှန် သဘာဝသာ ဖြစ်ပါ တယ်။ ကျမတို့အနေနဲ့ ကြိုးစားရုန်းကန်ရမှာ ဖြစ်ပါတယ်။ ပြဿနာတွေကို ‌ဖြေရှင်းနိုင်ဖို့ လူတွေအကြားမှာ တဦးနဲ့ တဦး အမြင်မတူညီမှုတွေနဲ့ စတင်ရမှာ ဖြစ်ပါတယ်။ တဦးတယောက်တည်း (သို့) ခေါင်းဆောင်အနည်းစုအပေါ် မှီခို ရတယ် ဆိုတာ သဘာဝမကျပါဘူး။ ဒီလိုသဘောသဘာဝမျိုးက သက်တမ်းနုသေးတဲ့ လှုပ်ရှားမှုတွေမှာသာ ဖြစ်လေ့ ရှိပါတယ်။ ကျမတို့ အနေနဲ့ နှစ်ပေါင်း (၂၀) ကျော် ခဲ့ပြီဖြစ်ပေမဲ့ ကျမတို့လို အခြားလှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင် သက်တမ်း နုနေဆဲ၊ သင်ယူနေရဆဲသာ ဖြစ်ပါတယ်။ ပထမမျိုးဆက်ပဲ ရှိပါသေးတယ်။ ဒုတိယမျိုးဆက်ကို ရောက်တဲ့ အခါမှာတော့ ပိုမို ကောင်းမွန်လာပါလိမ့်မယ်။ ဒုတိယမျိုးဆက် မရောက်ခင် ဒီမိုကရေစီရမယ်လို့ မျှော်လင့်ပါတယ်။

SUE LAWLEY – ဒေါ်စု.. ရှင်က လွန်ခဲ့တဲ့ (၂၂) နှစ်ကထက်စာလျှင် ပိုမိုအားကြီးခိုင်မာတဲ့ အနေအထားကို ရောက်နေ ပြီလို့ မခံစားရဘူးလား။ နိုဝင်ဘာလအတွင်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်တွေကို ကြေညာပြီး ဒေါ်အောင်ဆန်းစု ကြည် လွတ်မြောက်ခဲ့စဉ်က အခုလိုမျိုး အနေအထားမရှိသေးဘူးလို့ ကျမထင်ပါတယ်။

အောင်ဆန်းစုကြည် … ဟုတ်ပါတယ်။ ကျမအခုပိုပြီးတော့ ခွန်အားတွေရနေပါပြီ။ သူတို့ (အစိုးရ) အနေနဲ့ တော့မသိပါ ဘူး။ ကျမ အနေနဲ့ကတော့ သွေးသစ် (မျိုးဆက်သစ်) တွေ ရလာတဲ့အတွက် ပိုပြီးအားကောင်း လာတာသေချာပါ တယ်။ NLD ကို ထောက်ခံတဲ့ လူငယ် ဒီလောက်များများကို ကျမ တခါမှ မမြင်ဖူးပါဘူး။ သူတို့က NLD အဖွဲ့ဝင်တွေ မဟုတ်ကြ ပါဘူး။ ဒီအချက်ကိုပဲ ကျမ တကယ်နှစ်ခြိုက်တာပါ။ ပါတီဝင် မဟုတ်ပေမဲ့ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကယ့်ကို တက်တက်ကြွကြွ စိတ်အားထက်သန်စွာနဲ့ ထောက်ခံနေကြပါတယ်။ ခေတ်သစ်ပညာရေးကို လက်လှမ်းမီသူတွေ ဖြစ်တဲ့အတွက် ၁၉၈၈ မျိုးဆက်လူငယ်တွေထက် အများကြီးပိုမိုအရည်အချင်း ပြည့်‌စုံကြပါတယ်။ အဲဒီ အချက်က ဆက်သွယ်ရေးတော်လှန်မှုရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဒါကြောင့်ကျမတို့အနေနဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ မဟုတ်ပေမဲ့ ခိုင်မာတဲ့အနေအထားတရပ်ကို ရရှိနေတယ်လို့ ခံစားရပါတယ်။

SUE LAWLEY – လူ့အခွင့်‌အရေးအဖွဲ့တခုအတွက် အလုပ်လုပ်ကိုင်နေပြီး ၂၀၁၁ ဇန်နဝါရီလ အဓိကရုဏ်းအတွင်း အီဂျစ်နိုင်ငံ၊ Tahrir ရင်ပြင်မှာရှိနေခဲ့တဲ့ အီဂျစ်နိုင်ငံသား Heba Morayef ကို ဖိတ်ခေါ်ပါတယ်။

Heba Morayef – ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဝတ်တရားတွေအပေါ် ဘယ် လိုထင်မြင်ယူတယ်ဆိုတာ သိလိုပါတယ်။ အီဂျစ်ပြည်သူတွေ မူဘာရက်အစိုးရကို ဆန့်ကျင်ရတဲ့ အဓိကအကြောင်း အရင်းတခုက မူဘာရက်အစိုးရအပေါ် အမေရိကန်နဲ့ ဥရောပသမဂ်ဂက ချွင်းချက် မရှိထောက်ခံထားခဲ့လို့ဖြစ်ပြီး အဲဒီ အတွက် ဆန့်ကျင်တဲ့ဒေသခံတွေကို ဖြိုးခွဲနှိမ်နင်းခြင်း ခံရခဲ့ပါတယ်။

နောက်မေးခွန်းတခုကတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုက ဘယ်လောက်အတိုင်းအတာ အကန့်အ သတ်အထိ ရှိသင့်‌တယ်လို့ ထင်ပါသလဲ။ လစ်ဗျားနိုင်ငံမှာ ကြားဝင်ဆောင်ရွက်ခြင်းခံနေရတဲ့အတွက် ဒေသခံတွေ အကြား ပိုမိုရှုပ်ထွေးမှုဖြစ်ပေါ်စေပြီး ဘာရိန်းနိုင်ငံလို အခြားတိုင်းပြည်တွေမှာကြတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုမခံရဘဲ ပြည်သူတွေအပေါ် နှိမ်နင်းမှုတွေ ဆက်လက်လုပ်ဆောင်နိုင်တာ တွေ့ရပါတယ်။

အောင်ဆန်းစုကြည် … ပထမဆုံးအနေနဲ့ ပြောချင်တာက လူဆိုတာ အာဏာရဲ့ကျေးကျွန်ဖြစ်နိုင်တယ်ဆိုတဲ့ ဝမ်းနည်း ဖွယ်ရာအချက်ပဲ ဖြစ်ပါတယ်။ ရိုးသားတဲ့ ပြည်သူတွေကို အာဏာရအစိုးရတွေက ချွေးသိပ်လိုက်တာနဲ့ ပြည်သူများက စိတ်ပျော့သွားတာကို တွေ့ရပါတယ်။ မြန်မာပြည်သူတွေ၊ မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံခြားသားတွေမှာလည်း ဒီဖြစ်ရပ်ကို တွေ့ရပါတယ်။ အတိုက်အခံတွေအတွက် အာဏာနဲ့ လွှမ်းမိုးမှုက ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ကျမတို့ မှာ အာဏာမရှိပါဘူး၊ အာဏာရှိတဲ့သူတွေက အကြောင်းရှိလို့ အာဏာရှိနေတယ်လို့ လူတွေက ယူဆချင်ကြပါတယ်။ တကယ်တမ်းကျတော့ တကယ့်ကို ကြောက်စရာကောင်းတဲ့  အကြောင်းခံတွေကြောင့် အာဏာရနေကြတာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျမတို့လုပ်ရမှာက မထောက်ခံသင့်‌တဲ့သူကို ထောက်ခံရင် ရေရှည်မှာ ဘာဖြစ်နိုင်တယ်ဆိုတာ ပြည်သူတွေကို အသိပညာပေးရမှာ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံဟာ အခုချိန်မှာ အဲဒီလိုလုပ်ဖို့ အကောင်းဆုံး အနေအ ထားမှာ ရှိပါတယ်။

SUE LAWLEY – နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ဘယ်လောက်စိတ်ပျက် နေပါပြီလဲ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တယ်၊ လုပ်ဆောင် သင့်‌တယ်လို့ ထင်ပါသလား။

အောင်ဆန်းစုကြည် … ကျမအနေနဲ့ စိတ်ပျက်တယ်ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အချို့လုပ်ရပ်တွေက အရမ်းကို အထောက်အကူဖြစ်ခဲ့လို့ပါ။ သာဓကအားဖြင့်‌ အမေရိကန်အနေနဲ့ အရမ်းကို အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒီအချက်ကို ကျမတို့ ငြင်းပယ်လို့ မရပါဘူး။ ထို့အတူပဲ ဥရောပသမဂ္ဂ အနေနဲ့ လည်း အရမ်းကိုအထောက်အကူ ပေးခဲ့ပါတယ်။ အာရှနိုင်ငံတွေထဲမှာဆိုရင်တောင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် အထောက်အပံ့ပေးဖို့ လိုတယ်ဆိုတာ စတင်သိမြင်လာကြပါပြီ။

SUE LAWLEY – ဒါပေမဲ့ တရုတ်၊ အိန္ဒိယနဲ့ စင်ကာပူနိုင်ငံတွေက မြန်မာအစိုးရရဲ့ အဓိက ကုန်သွယ် ဘက်နိုင်ငံကြီး တွေ ဖြစ်ပါတယ်။

အောင်ဆန်းစုကြည် … ဟုတ်ပါတယ်။ အဓိကကုန်သွယ်ဘက်နိုင်ငံတွေဖြစ်ပါတယ်။ ပွင့်‌ပွင့်လင်းလင်း ပြောရရင် တရုတ်နဲ့ အိန္ဒိနိုင်ငံတွေက မြန်မာအစိုးရနဲ့ ဆက်စပ်စရာတွေများတဲ့အတွက် သူတို့ကို ခဏလောက် ဘေးဖယ်ထားချင်ပါ တယ်။ စင်ကာပူနိုင်ငံကတော့ အာဆီယံနိုင်ငံလည်း ဖြစ်တယ်၊ တနိုင်ငံချင်း နာမည်တပ်မပြောချင်ပေမဲ့ အာဆီယံနိုင်ငံ တွေအနေနဲ့ ၂၀၀၃ ခုနှစ် ကျမ နေအိမ်အကျယ်ချုပ် မကျခံခင်က အ‌ခြေအနေထက်စာရင် ပိုမိုအထောက်အကူဖြစ် လာတာ တွေ့ရပါတယ်။

SUE LAWLEY – Timothy Garton-Ash အနေနဲ့ရော ဘာများဖြည့်‌စွက် အကြံပြုချင်ပါလဲ။
Timothy Garton-Ash – အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဆိုတာကို သတိပေးပါရစေ။ ဂန္ဒီရဲ့ နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ လွတ်လပ်မှုအတွက် အကြမ်းမဖက် အနုနည်းနဲ့ လှုပ်ရှားမှုအပေါ် ပိုမို ထောက်ခံမှု ပေးသင့်‌တယ်လို့ မထင်ဘူးလား။

အောင်ဆန်းစုကြည် – သေချာတာပေါ့။ ကျမလည်း ဒီလိုပဲ ယူဆပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ကုန်သွယ်ရေးနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကို ရှေ့တန်းတင်တာထက် ဒီမိုကရေစီစည်းမျဉ်းတွေမှာ နက်နက်နဲနဲ ပါဝင်သင့်‌တယ်လို့ ပြောချင်ပါတယ်။

SUE LAWLEY … Sir Kieran Prendergast အနေနဲ့ ကုလသမဂ္ဂနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံရှိ ပြည်သူတွေကို တကယ်ထိရောက်စွာ ကူညီနိုင်ခဲ့ခြင်း မရှိဘူးလား။

Sir Kieran Prendergast – ‌ပြဿနာက လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒတွေကို လုံခြုံရေး ကောင်စီက ချမှတ်ပြီး ရုရှားနဲ့ တရုတ်တို့က လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာရထားတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က ကြည့်‌ရင်လည်း ၎င်းရဲ့ မဟာဗျူဟာအကျိုးစီးပွားကို ကျောခိုင်းလို့ မရပါဘူး။ တရုတ်နိုင်ငံကို အိန္ဒိယနိုင်ငံက ၎င်းရဲ့ မဟာဗျူဟာ အ ကျိုးစီးပွားကို လွှဲပြောင်းပေးမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံကလည်း အခုအချိန်မှာ လျော့တွက်လို့ မရပါဘူး။ ၁၉၉၇ ခုနှစ် ကျနော် ကုလသမဂ္ဂမှာ လုပ်ကိုင်စဉ်က လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးတာ မရှိသေးပါဘူး။ ပြည်တွင်းရေး ကိစ္စရပ်လို့ပဲ ပြောခဲ့ကြပါတယ်။ မကြာသေးမီနှစ်များအတွင်းမှာတော့ မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီ ရဲ့ ဆွေးနွေးစရာကိစ္စရပ်တခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ တဖြည်းဖြည်း ဆွေးနွေး နေသော်လည်း မည်သည့်‌အတိုင်းအတာအထိ သွားမည်ကို ကန့်သတ်ချက်လေးတွေ ရှိနေပါတယ်။

SUE LAWLEY – တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ကုန်သွယ်ခြင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာအလယ်မှာ အနည်းငယ် အ ရှက်ရနေပြီလို့ ရှင်ပြောခဲ့တယ်နော်။

Sir Kieran Prendergast – စစ်အစိုးရက အင်အားသုံးတဲ့အပြုအမူတွေကြောင့် တရုတ်နိုင်ငံ အနည်းငယ်အရှက်ရနေ တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့အကျိုးစီးပွားက အရှက်တရားကို အနိုင်ယူလိုက်ပါတယ်။

အောင်ဆန်းစုကြည် … ဒီနေရာမှာ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂတို့နဲ့ပတ်သက်ပြီး မှတ်ချက်တခု ချလိုပါတယ်။ တရုတ်နိုင် ငံအနေနဲ့ နိုင်ငံမြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ KIA အကြား ဖြစ်ပွားနေတဲ့ အနေအထားတွေအပေါ် အလွန်ပဲ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ အခုဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတွင်း တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်နေပြီလို့ တရုတ်နိုင်ငံက ပြောလာပါပြီ။ တည်ငြိမ်မှုကို ဖိနှိပ်မှု (အထူးသဖြင့်‌ စစ်ဘက်ဆိုင်ရာဖိနှိပ်မှု) ကတဆင့်‌ မရနိုင်ဘူးဆိုတာ တရုတ်နိုင်ငံ အနေနဲ့ မြင်စပြုလာပါပြီ။ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ပြောရရင် လုံခြုံရေးကောင်စီအပြင် ကုလသမဂ္ဂတခုလုံး လုပ်ဆောင် နိုင်တာတွေ အများကြီးရှိပါတယ်။ သာဓကအားဖြင့်‌ ယခင် အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း တဦး ဖြစ်တဲ့ Perez de Cuellar အနေနဲ့ မြန်မာနိုင်ငံကို ကုလသမဂ္ဂလမ်းညွှန်မြေပုံအပေါ် တင်နိုင်ဖို့ လုပ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ လက်ရှိ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ရုံးအဖွဲ့အနေနဲ့ ၎င်းတို့ဆန္ဒရှိရင် ဒီနည်းအားဖြင့်‌ မြန်မာနိုင်ငံကို ကူညီ နိုင်တယ်လို့ ထင်ပါတယ်။

SUE LAWLEY – ဒါ ရှင်ပေးချင်တဲ့ သတင်းစကားလား။ ဒီအကြောင်းအရာက ကျမတို့ ပရိသတ်တဦး မေးချင်နေတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးချင်တဲ့ သတင်းစကားကို သိလိုပါတယ်။

အောင်ဆန်းစုကြည် – အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ၎င်း၏ ရုံးအဖွဲ့လုပ်နိုင်တဲ့ အရာမှန်သမျှကို အမြန်ဆုံးလုပ် ဆောင်သင့်‌တယ်လို့ ပြောချင်ပါတယ်။

SUE LAWLEY – Sir Kieran Prendergast အနေနဲ့ အနည်းငယ် ဖြည့်‌စွက် အကြံပြုစေလိုပါတယ်။

Sir Kieran Prendergast – အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာနိုင်ငံကို ရံဖန်ရံခါ သွားရောက်လည်ပတ် မှုတွေ ရှိခဲ့ပါတယ်။ ကျနော်အနေနဲ့ပြောရရင် ပိုမိုတိုးတက်မှုရှိတဲ့ ဆွေးနွေးမှုအတွက် လမ်းပွင့်‌ဖို့ ကြိုးစားရာမှာ အလွန် စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံရှိခဲ့တယ်လို့ ဆိုချင်ပါတယ်။ သာဓကအားဖြင့်‌ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို လမ်းဖွင့်‌လိုက်ရင် အကျိုးအမြတ်တွေ ရလာစေဖို့ ကမ္ဘာ့ဘဏ်က တယောက်ယောက်ကို ခေါ်သွားဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မလုပ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်အစိုးရက အဲလိုခေါ်သွားရင် အမေရိကန်အနေနဲ့ ရှုံး နိမ့်သွားမယ်ဆိုပြီး ဖိအားပေးလာတဲ့အတွက် ကမ္ဘာ့ဘဏ်ရဲ့ ရန်ပုံငွဆုံးရှုံးသွားမှာစိုးလို့ မလုပ်ဖြစ်ခဲ့ပါဘူး။ ဘယ်သူပဲ သွားသွား ဖြန့်ဝေချထားနိုင်တဲ့ ယန္တရားတွေ ရှိသင့်ပါတယ်။

SUE LAWLEY – Geoffrey Alan ကို ဖိတ်ခေါ်လိုပါတယ်။ ဆက်သွယ်မှုတော်လှန်ရေးနှင့် ပတ်သတ်လို့ မေးမြန်းလို ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို စကား‌ပြောခွင့်ရတာ ဂုဏ်ယူပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အရှေ့အလယ်ပိုင်းက ဖြစ်စဉ်တွေ ခြားနားမှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ အပေါ် ကျနော် အထူး စိတ်ဝင်စားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေး တော်လှန်မှုကို ဘယ်လိုအသုံးချ ဖို့ စီစဉ်ထားပါသလဲ။ ပြည်သူတွေအနေနဲ့ မြန်မာပြည်ပက သတင်းအချက်အလက်တွေကို ရနိုင်မဲ့နည်းလမ်းတွေ တွေ့ နေပါပြီလား။

အောင်ဆန်းစုကြည် … ကျမ အခုပဲ ဒီနည်းလမ်းသုံးပြီး ရှင်နဲ့ စကား‌ပြောနေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ကဆိုရင် ကျမ ဒီလိုဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။ အစိုးရက ကျမရဲ့တယ်လီဖုန်းလိုင်းကို ဖျက်ထားခဲ့ပါတယ်။ ကျမကို ကမ္ဘာနဲ့အဆက်အသွယ် ဖြတ်ထားခဲ့ပါတယ်။

SUE LAWLEY – မြန်မာလူငယ်တွေရဲ့ အ‌ခြေအနေဘယ်လိုရှိပါသလဲ။ အရှေ့အလယ်ပိုင်းက လူငယ်တွေလိုပဲ မို ဘိုင်းလ်ဖုန်း၊ Twitter အစရှိတဲ့ ဆက်သွယ်ရေးကွန်ယက်တွေ သုံးနိုင်နေပါပြီလား။

အောင်ဆန်းစုကြည် … မြန်မာနိုင်ငံမှာ အရှေ့အလယ်ပိုင်းထက်စာရင် မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပြူတာ သုံးစွဲမှု အများကြီး နည်းနေသေးတဲ့အတွက် ဒီအတိုင်းအတာထိတော့ မရောက်သေးပါဘူး။ ဒါပေမယ့် ကျမ လွတ်မြောက်တဲ့နေ့က သတိ ထားမိတဲ့ ခြားနားချက်တခုက ကျမရဲ့နေအိမ်ဂိတ်ဝမှာ လာရောက် ကြိုဆိုနှုတ်ဆက်ကြတဲ့ လူငယ်တွေရဲ့လက်ထဲမှာ ဟန်းဖုန်းတွေကို တွေ့မြင်ခဲ့ရတာ ဖြစ်ပါတယ်။ ယခင်ကဆိုလျှင် ကျမရဲ့ လုံခြုံရေးအရာရှိတွေကလွဲရင် ဟန်းဖုန်းကို ကျမ မမြင်ခဲ့ရပါဘူး။

SUE LAWLEY … ၂၀၀၇ ခုနှစ် သံဃာတော်တွေ ဆန္ဒပြအုံကြွတဲ့ ရွှေဝါရောင်တော်လှန်ရေး ကာလက မိုဘိုင်းဖုန်းတွေ ပေါ်မှာ ဆန္ဒပြတဲ့ပုံတွေ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် အီဂျစ်နိုင်ငံ Tahrir ရင်ပြင်မှာ မြင်တွေ့ခဲ့ရသလို ဖြစ်မလာခဲ့ပါဘူး။ ဘာကြောင့်လို ထင်ပါသလဲ။ မိုဘိုင်းလ်ဖုန်း အလုံအလောက်မရှိလို့ ဖြစ်မယ်လို့ထင်ပါသလား။

အောင်ဆန်းစုကြည် … အဲဒီအချိန်တုန်းက မိုဘိုင်းလ်ဖုန်းတွေ အလုံအလောက်မရှိသေးဘူးလို့တော့ ပြောသံ ကြားပါတယ်။ နေအိမ်အကျယ်ချုပ်ကာလ ဖြစ်တဲ့အတွက် အဲဒီလိုပုံကိုလည်း မတွေ့ခဲ့ရပါဘူး။ ရေဒီယိုက သတင်းတွေဘဲ ကြားခဲ့ရတာပါ။ ရေဒီယိုသတင်းတွေကလည်း အရေးကြီးတယ်ဆိုပေမယ့် ရုပ်ပုံတွေလောက်တော့ အကျိုးသက်ရောက်မှု မရှိပါဘူး။

SUE LAWLEY … ခရီးသွားလုပ်ငန်းနှင့်‌ ပတ်သက်လို့ မေးမြန်းမယ့် Cara Bleiman ကို ဖိတ်ခေါ် လိုပါတယ်။

Cara Bleiman … ယခုလိုစကားပြောခွင့်‌ရတာ ဂုဏ်ယူပါတယ်၊ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီး သည်အနေနဲ့ လာရောက်သင့်ပါသလား၊

အောင်ဆန်းစုကြည် … ကမ္ဘာလှည့်ခရီးသည်တွေကို အစိုးရနဲ့ အပေါင်းအပါတွေပိုင်ဆိုင်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့ ပြောကြားလိုပါတယ်၊ မြန်မာလူမျိုးတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာမှ ကူညီပေးနိုင်မဲ့ အစီအစဉ်တွေ ပါဝင်တဲ့ နေရာတွေကို သွားရောက်အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်၊ ဒီလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေကို လုပ်ဆောင် နေတဲ့ ခရီးသွားလုပ်ငန်း အေဂျင်စီတွေနဲ့ ဟိုတယ်များစာရင်းကို ပြင်ဆင်ရေးဆွဲနေပါတယ်၊ မကြာခင်ပြီး မယ်လို့ မျှော်လင့်‌ ရပါတယ်။

SUE LAWLEY- ရန်ကုန်မြို့လယ်က ဟိုတယ်ကြီးတွေကိုသွားရင် အစိုးရအပေါင်းအပါတွေရဲ့ အိတ်ထဲကို ကမ္ဘာလှည့် ခရီးသွားတွေရဲ့ငွေတွေ ရောက်သွားမယ်လို့ပြောချင်တာလား။

အောင်ဆန်းစုကြည် … ဟိုတယ်ကြီးများအားလုံးကို အစိုးရအပေါင်းအပါများကသာ ပိုင်ဆိုင်တယ်လို့ မပြောနိုင်ပါဘူး၊ အများစုကိုတော့ သူတို့က ပိုင်ဆိုင်ထားပါတယ်၊ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဘယ် ဟိုတယ်မျိုးကို အားပေးသင့်‌ တယ်၊ ဘယ်ဟိုတယ်မျိုးကို အားမပေးသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်အောင်လို့ စာရင်းတခု ပြုစုနေပါ တယ်။

SUE LAWLEY- အီရန်နိုင်ငံက Rouhi Shafii ကို ဖိတ်ခေါ်လိုပါတယ်။

Rouhi Shafii … ဂျီနီဗာမှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်‌အရေးကောင်စီ အစည်းအဝေးပွဲကို မကြာသေးမီက တက်ရောက် ခဲ့ပါတယ်၊ အဲဒီ့အစည်းအဝေးမှာ မြန်မာနိုင်ငံက NGO အမျိုးသမီးတဦးက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲမဝင်ဖို့ ငြင်းဆန်တာထက် ပူးပေါင်းပါဝင်ခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ပြောသွားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမပြုခဲ့သလဲဆိုတာ သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည် … ရွေးကောက်ပွဲမဝင်ရတဲ့ အဓိကအကြောင်းအရင်း () ခုရှိပါတယ်၊ ပထမအချက်က ရွေး ကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်လို့ လက်မှတ်ရေးထိုးရ ပါမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေက စစ်တပ်ကို အစိုးရအာဏာတွေအားလုံးမှာ လိုအပ်သလို ပါဝင်အုပ်ချုပ်နိုင်ခွင့်‌ ပြုထား ပါတယ်၊ ဒုတိယအချက်ကတော့ အကျဉ်းကျနေတဲ့ ပါတီဝင်အားလုံးကို ဖယ်ချန်ထားရမယ်ဆိုတဲ့ အခြေအနေကို ကျမတို့ လက်မခံနိုင်ခဲ့ပါဘူး၊ ရွေးကောက်ပွဲမှာ ပါဝင်ချင်ရင် ခံယူချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ကျမတို့ ပါတီဝင် တွေကို စွန့်လွှတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေပါတယ်၊ တတိယအချက်ကတော့ မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ ၁၉၉၀ ရွေးကောက်ပွဲကို ကျမတို့ ပယ်ဖျက်ရပါမယ်၊ ဒီအချက်ကို ကျမတို့ မလိုလားပါဘူး၊ ဒီ အမျိုးသမီးအနေနဲ့ ရွေး ကောက်ပွဲမှာ ကျမတို့ ပါဝင်သင့်‌တယ်လို့ ဘာကြောင့် ပြောခဲ့တယ်ဆိုတာ မသိပေမဲ့ ကျမတို့အနေနဲ့ ဒီအခြေအနေ တွေအောက်မှာ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။

SUE LAWLEY- မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် အချိန်အတော်ကြာအောင် လှုပ်ရှားဆောင် ရွက်နေတဲ့ မင်းသမီးတဦးဖြစ်တဲ့ Maureen  Lipman ကို ဖိတ်ခေါ်‌ပါတယ်။

Maureen  Lipman … ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရတာ ဂုဏ်ယူပါတယ်။ နေအိမ်အကျယ်ချုပ် ထိန်းသိမ်း ခံရတဲ့နှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဝမ်းနည်းကြေကွဲမှု သို့မဟုတ် ပျော်ရွှင်မှု ဖြစ်ခဲ့ပါသလား။

အောင်ဆန်းစုကြည် … တကယ့်ကို ပျော်ရွှင်စေခဲ့ပါတယ်။ ကျမက ပျော်ရွှင်ရယ်မောရတာကို အမြဲတမ်း နှစ်သက်သူ ဖြစ်ပါတယ်။ ကျမ အမေပြောခဲ့တဲ့ ဝမ်းနည်းကြေကွဲဖွယ် ရုပ်ရှင်ဇာတ်လမ်းများကလည်း ကျမအပေါ် တော်တော်လွှမ်း မိုးမှု ရှိခဲ့ပါတယ်။ ကျမအမေရဲ့ ဘဝမှာ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတွေ ရှိခဲ့တာကြောင့် အဆွေးရုပ်‌ရှင်တွေကို ဘယ်တော့မှ မကြည့်ခဲ့ပါဘူး။ ဒါကြောင့် ကျမလည်း အဆွေး ရုပ်ရှင်တွေကို ဘယ်တော့မှ မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ ရှိတ်စပီးယားရဲ့ ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းတချို့ကိုတော့ ကျမ ကြိုက်ပါတယ်။ ပျော်ရွှင်ကြည်နူးရမယ့် ဇာတ် လမ်းတွေကိုတော့ အမြဲတမ်းကြိုက်ပါတယ်။

Maureen  Lipman – ကျမကို ဒုတိယမေးခွန်း မေးခွင့်မပြုထားပါဘူး။ အရှေ့အလယ်ပိုင်း အရေးအခင်းကို လူတွေ သတိထားမိသလို မြန်မာနိုင်ငံအကြောင်းကိုလည်း ကမ္ဘာက သိရှိအောင်လုပ်ဖို့ အလွန်ပဲ ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်းကို အနည်းငယ် ပြောကြားစေလိုပါတယ်။ မြန်မာနိုင်ငံမှ ပြည်သူတွေအနေနဲ့ ပညာရေးလက် လှမ်းမီဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။

SUE LAWLEY- ဒေါ်အောင်ဆန်းစုကြည် ဖြေကြားပေးစေလိုပါတယ်။

အောင်ဆန်းစုကြည် … မြန်မာပြည်သူတွေအနေနဲ့ သူတို့ကိုယ်သူတို့ ပညာပေးဖို့ ကြိုးစားသင်ယူနေ ရတယ်လို့ ထင်ပါ တယ်။ ဒီအခြေအနေအရ အလွန်ဘဲ ခက်ခဲကြမ်းတမ်းပါတယ်။ ကလေးငယ်တွေကို မိမိကိုယ်မိမိ ပညာပေးသင်ကြား နိုင်ဖို့ မျှော်လင့်လို့ မရပါဘူး။ အရွယ်ရောက်လာပြီး မိမိကိုယ်မိမိ ပညာပေးနိုင်သည့်အထိ စောင့်ရမှာ ဖြစ်ပါတယ်။ ကျမတို့ အနေနဲ့ တကယ့်ကို အခြေခံကနေစဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ဖြစ်နိုင်တဲ့ အရင်းအမြစ်အားလုံးကနေ အကူ အညီတွေ လိုအပ်ပါတယ်။ NLD နှင့် Democracy Network အနေနဲ့ အခမဲ့ပညာသင်ကျောင်းတွေ စတင် တည်ထောင် နေပြီး အောင်မြင်လျက် ရှိပါတယ်။ ဒါပေမဲ့ အကူအညီပေါင်းစုံလည်း လိုအပ်နေပါတယ်။

SUE LAWLEY … ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုက အလွန်ပဲ လေးနက်တဲ့လုပ်ငန်းဖြစ်တယ်လို့ ဟောပြော သွားတာ ကြားရပါတယ်။ နိုင်ငံရေးအတိုက်အခံတွေ ကြုံတွေ့နေရတဲ့ အန္တရာယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ လှုပ် ရှားမှုမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကို ပြောကြားသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နားထင်ကို စစ်သားတွေက ရိုင်ဖယ်နဲ့ ထောက်ထားပြီး ကွန်မန်ဒါက ပစ်ခတ်ဖို့ အချက်ပေးရေတွက်နေတဲ့ အလေ့အထမျိုး ရင်ဆိုင် နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖခင်လိုပဲ မိမိရဲ့ ခံယူချက်နဲ့ တိုင်းပြည်အတွက် အသက်ကို စွန့် လွှတ်မယ့် အနေအထားမျိုး ဖြစ်လာနိုင်ပါသလား။

အောင်ဆန်းစုကြည် … ကျမတို့ အားလုံးအနေနဲ့ ဒီလိုအနေအထားမျိုးကို အစောကြီးကတည်းက ကြုံတွေ့ ပြီးသားဖြစ် ပါတယ်။

SUE LAWLEY- တစုံတရာပြောင်းလဲမှုများ မရှိဘူးလား။ ဖြစ်နိုင်ချေ တခုခုပေါ့။

အောင်ဆန်းစုကြည် … ဖြစ်နိုင်ချေဆိုတာ အမြဲတမ်းရှိနေပါတယ်။ လမ်းပေါ်မှာ ဘတ်စ်ကားတိုက်ခံရတဲ့ ဖြစ်နိုင်ချေမျိုး လည်း ဖြစ်နိုင်ပါတယ်။

SUE LAWLEY- Kieran  Prendergast အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂါတ်အပေါ် ဘယ်လို ထင်မြင်ပါသလဲ။ အခန်းထဲမှာ ဆင်ရောက်နေသလိုမျိုး အလွန်ခက်ခဲတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ နောက်ဆုံးမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းလာမယ့် အလားအလာများ ဘယ်လိုရှိတယ်ဆိုတာ ပြောကြားပေးစေလိုပါတယ်။

Sir Kieran Prendergast … မြန်မာနိုင်ငံဟာ ကိုင်တွယ်ဖြေရှင်းရ အခက်အခဲဆုံးနိုင်ငံတွေထဲမှာ တခုအပါအဝင် ဖြစ် ပါတယ်။ မြန်မာနိုင်ငံရဲ့ ကာလကြာရှည်စွာ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ သမိုင်းကြောင်း၊ တဦးတည်းသီးသန့် နေထိုင် မှုတို့ကြောင့် အပြင်ထက်စာရင် အတွင်းပိုင်းမှာသာ ပြောင်းလဲမှု ပိုမို ဖြစ်လာမည်ဟု မျှော်လင့်ရပါတယ်။

SUE LAWLEY… ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့ တချိန်ချိန်မှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံကို ဦးဆောင်ရ မယ်လို့ ထင်ပါသလား။

အောင်ဆန်းစုကြည် … အများကြီး ဖြစ်နိုင်ပါတယ်။ ၁၉၈၀ ပြည့်နှစ် ကာလအတွင်း Tim ရေးသား ထုတ်ဝေခဲ့တဲ့ စာအုပ် တအုပ်ထဲမှာ အရှေ့ဂျာမနီမှာ အချိန်တော်တော်ကြာတဲ့အထိ ပြုပြင်ပြောင်းလဲမှု ဖြစ်မလာနိုင်ဘူးလို့ ရေးသားခဲ့ တာကို ပြန်သတိပေးချင်ပါတယ်။

Timothy Garton Ash – နေပါဦး၊ နေပါဦး၊

အောင်ဆန်းစုကြည် …  (ရယ်လျက်) ၁၉၈၉ ခုနှစ်မှာ မဖြစ်နိုင်ဘူးဆိုတာတွေလဲ ဖြစ်ခဲ့ပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံ တို့မှာ ညတွင်းချင်း ပြောင်းလဲမှုဖြစ်နိုင်ချေရှိသလားဆိုတဲ့ မေးခွန်းကို ယမန်နှစ်က မေးခဲ့မယ်ဆိုရင် ပြောင်းလဲမှုဖြစ်နိုင် မယ်လို့ ‌ဖြေမယ့်သူ ရှားမှာဖြစ်ပါတယ်။ ဘာလာပြောနေတာလဲလို့တောင် ပြန်ပြောနိုင်တဲ့ အနေအထားပါ။

SUE LAWLEY- Timothy Garton Ash အနေနဲ့ အရှေ့ဥရောပ သဘောထားကွဲလွဲမှုကို လေ့လာခဲ့တဲ့သူဆိုတော့ ဝင်ရောက်ဆွေးနွေးပေးပါဦး။ မိမိတို့ခံယူချက်အတွက် လွတ်လပ်ခွင့်သာမက အသက်ကိုပါ စွန့်လွှတ်ဖို့  ပြင်ဆင်ထား သူတွေအတွက် ဒီလိုအရာတွေကိုရင်ဆိုင်ဖို့ ဘယ်နေရာက သတ္တိတွေရလာလဲဆိုတာ ဖြေကြားပေးစေလိုပါတယ်။

Timothy Garton Ash … ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲကောင်းအမျိုးသမီးတဦး ဖြစ်တယ်လို့ ကျနော် ပြောရဲပါတယ်။ အာဏာရှင်စနစ်တခုရဲ့ ကျေးကျွန်တွေ၊ ပူးပေါင်းပါဝင်သူတွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတဲ့မေးခွန်းကို ကျနော် စဉ်းစား နေတာ နှစ်ပေါင်း ၄၀ လောက်ရှိပါပြီ။ သတ္တိရှိတဲ့သူတွေ ဖြစ်ဖို့ထက် သူရဲဘောကြောင်တဲ့သူတွေ ဖြစ်ဖို့က အများကြီး ပိုမို လွယ်ကူပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထဲက သူမရဲ့ အတိုက်အခံ လူထုနဲ့ ပတ်သက်တဲ့ စာသားတခုကို ပြန်လည်ပြောကြားလိုပါတယ်။

အတိုက်အခံပြည်သူတွေအနေနဲ့ ၎င်းတို့တာဝန်များထမ်းဆောင်ရာတွင် ကြောက်စိတ်မရှိဟန် ဆောင်နေကြရပြီး ၎င်းတို့၏ ရဲဘော်ရဲဘက်များ ယင်းသို့ ဟန်ဆောင်နေသည်ကိုလည်း မမြင်ဟန်ဆောင်နေ ကြရသည်။”

ဒီစကားရပ်ဟာဆိုလျှင် အတိုက်အခံတွေအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းရှိတဲ့ စကားရပ် ဖြစ်ပါတယ်။ နေအိမ်အကျယ် ချုပ်က လွတ်မြောက်လာတဲ့အခါ ကြောက်စိတ်က ပိုများလာသလား၊ ပိုနည်းသွားသလား။ ကြောက်စိတ်ကို ကျော်လွှား နိုင်မယ်လို့ ထင်ပါသလား။

အောင်ဆန်းစုကြည် … ဟုတ်ကဲ့၊ ကြောက်စိတ်က ပိုနည်းသွားတယ်လို့တော့ ထင်ပါတယ်။ ဘာကြောင့် ဆက်သွားနေ ရသလဲဆိုရင် ဘယ်လိုရပ်တန့်ရမယ်ဆိုတာ မသိလို့ပါ။ (ပရိသတ်ရယ်သံ) ကျမတို့ရဲ့ ယုံကြည်ချက်တွေအပေါ် ဘယ် လိုနောက်ပြန်လှည့်ရမယ် ဆိုတာ မသိပါဘူး။ ကျမတို့ရဲ့ ရဲဘော် ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုစွန့် ပစ်ထားခဲ့ရမယ်ဆိုတာလည်း မသိပါဘူး၊ ဒီလိုကိစ္စရပ်တွေ မလုပ်နိုင်လို့ ကျမတို့ရဲ့လမ်းကို ဆက်လျှောက်နေတာပါ။

SUE LAWLEY- ဒီနေရာမှာပဲ ကျမတို့ရဲ့အစီအစဉ်ကို ရပ်နားရမှာ ဖြစ်ပါတယ်။ နောက်တပတ်မှာ ဒေါ်အောင်ဆန်းစု ကြည် အနေနဲ့ သူမရဲ့ နိုင်ငံရေးပါတီ ဆန့်ကျင်နေတဲ့ အင်အားစုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပြောကြားမှာ ဖြစ်ပါ တယ်။ Vaclav Havel က NLD ပါတီကို “အာဏာမဲ့ လူတန်းစားတို့၏ အာဏာ”  တင်စားခဲ့ဖူးပါတယ်။ လန်ဒန်မြို့ ၊ Radio Theatre ကို လာရောက်ကြတဲ့ ကျမတို့ရဲ့ ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီအစီအစဉ်ရဲ့ ဟော ပြောပို့ချသူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

No comments:

Post a Comment

Na hmuhning a tangah rak ṭial khawh a si.
Kan ruahnak i cheu cio hna usih.